ဘိုကလေးမြို့နယ်တွင် ဓနိဖူးခြောက်များ ထုတ်လုပ်ရောင်းချ

ဘိုကလေး ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာတွင် လူတို့၏ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် ဓနိဖူးခြောက် လုပ်ငန်းအား “EUNICE” အမည်ဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ဓနိဖူးခြောက်အား ရေနွေးကဲ့သို့ လက်ဖက်ခြောက် အစားထိုးသောက်သုံးနိုင်သည့် အပြင် ဓနိဖူးခြောက်အား ပြုတ်၍ ပြုတ်ရည်အား သောက်သုံးနိုင်ကြောင်း၊ ဓနိဖူးခြောက်အား သောက်သုံးခြင်းဖြင့် အသားအရည် ဝင်းပစိုပြေနိုင်ပြီး အရွယ်တင်နုပျိုခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အပူချိန်လွန်ကဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အကျိုးပြုခြင်း၊ အစာအိမ်လည်ပတ်မှု ကောင်းမွန်ခြင်း၊ ယားနာများနှင့် ရေယုံရောဂါအား ပျောက်ကင်းစေခြင်း၊ ကင်ဆာရောဂါအား ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုရောဂါအား ထိန်းညှိပေးနိုင်ခြင်း၊  အိမ်မပျော် သူများ သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး နိုးထလာပါက စိတ်ကြည်လင် လန်းဆန်း စေခြင်း၊ ဖျားနာပြီးစ နလန်ထသူများ သောက်သုံး ပါက လျင်မြန်စွာ လန်းဆန်းစေခြင်းတို့ဖြင့် လူတို့၏ ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း ထုတ်လုပ်သူထံမှ သိရသည်။

ဓနိဖူးခြောက် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းဓနိဖူးများအား ဘိုကလေးမြို့နယ်အတွင်းရှိ ဒီရေတောဒေသများနှင့် အမာမြို့တို့မှ ဝယ်ယူရပြီး ကုန်ကြမ်းဓနိဖူးများအား ကုန်ချောထုတ်လုပ် နိုင်ရန် ရေဆေးသန့်စင်၍  အလွှာများလွှာယူကာ အလွှာ၏ အတွင်းပိုင်း၊ အပြင်ပိုင်းများအား အဝတ်သန့်သန့်ဖြင့် သုတ်သင်ပေးရကြောင်း၊ သုတ်သင်ပြီးသော ဓနိဖူးလွှာများအား ခုတ်ထစ် ပြီး၍ ပလတ်စတစ်အိတ်သန့်ထဲတွင် နာရီဝက်ခန့်ထားကာ နေရောင်ရသော အခြောက်ခံစင် ပေါ်တွင် နေလှန်းပေးရကြောင်း  လုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။

၎င်းဓနိဖူးခြောက် ရေနွေးကြမ်းထုတ်ကုန်အား သေချာစွာ ထုတ်ပိုး၍ (၁၀၀)ဂရမ်ပါ ()ထုတ် လျှင် မြန်မာငွေ (၃၀၀၀)မှ (၃၅၀၀)ကျပ် ပတ်ဝန်းကျင်နှုန်းဖြင့် ဈေးကွက်အနီး အဝေးအလိုက် ပြည်တွင်းသို့ တင်ပို့ရောင်းချ ထုတ်လုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)