ပဲခူးတက္ကသိုလ်၌ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၂၁

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပဲခူးတက္ကသိုလ်တို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက် ၉ နာရီက ပဲခူးတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ အေးအေးခိုင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံ တက်စေရန်ကျင်းပရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

ထို့နောက်ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်နှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်တို့မှ လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။  

ယင်းနောက် လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူများအဖြစ် ပဲခူးခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး​ ဒေါ်‌ယဉ်ဉ်နုနှင့် ပဲခူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်းတို့မှ ဆောင်ရွက် ခဲ့ကြပြီး ဓာတုဗေဒမေဂျာမှ ပထမနှစ် ကျောင်းသား မောင်ဇင်လင်းထက်က လူငယ်နှင့် စာဖတ်ခြင်း၊ မြန်မာစာမေဂျာမှ တတိယနှစ်ကျောင်းသား မောင်လွှမ်းထက်ကျော်က လူငယ်နှင့်အားကစား၊ မြန်မာစာမေဂျာမှ တတိယနှစ်ကျောင်းသူ မမိုးရည်ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး မြန်မာစာမေဂျာမှ ဒုတိယနှစ်ကျောင်းသား မောင်သုခအောင်က လူငယ်နှင့်စာရိတ္တ၊ ဓာတုဗေဒမေဂျာမှ ပထမနှစ် ကျောင်းသူ မဖြိုးပပကျော်က လူငယ်နှင့်လူမှုမီဒီယာ၊ မြန်မာစာမေဂျာမှ တတိယနှစ်ကျောင်းသူ မမေသဲကျော်က “လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့်​ ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ(၆)ဦးက ပြန်လည်ဖြေကြားခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က အားကစားပစ္စည်းများအား ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ပါဝင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ(၆)ဦးအား တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ချီးမြှင့် ခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားသို့ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်နှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)