မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများ အောင်မြင်စွာ ဖြေဆိုပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်ကစတင်၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဖြေဆိုလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၉၀)ကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း (၁၉၃)ကျောင်းတွင် မူလတန်းအဆင့် (KG မှ G-4)အထိ ကျောင်းသား၊ ကျောင်းသူ (၁၈၈၇၁)ဦး၊ အလယ်တန်းအဆင့် (G-6 မှ G-8)အထိ ကျောင်းသား၊ ကျောင်းသူ (၅၆၄၂)ဦးနှင့် အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ(၁၇၈၆)ဦးမှ ကျောင်းများအလိုက် အသီးသီး ဝင်ရောက်ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲများကို ဖေဖော်ဝါရီ  (၂၂)ရက်နေ့  နံနက် ၉ နာရီမှစတင်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)