စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ ငွေပေးအပ်

လေရှီး   စက်တင်ဘာ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးလှဆိုင်းထံမှ သိရသည်။

လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၃ ဦး၊ ကူကီးကျေးရွာတွင် ၉ ဦး၊ ဖွန်သရက်နှင့် ဒိန်းကလိန်းတွင် ၇ ဦးစီ၊ ဟိန်ကွတ်တွင် ၆ ဦး၊ ပန်ဆပ်နှင့် ထိန်းဖာရံတွင် ၄ ဦးစီ၊ ကုံကိုင်လုံတွင် ၃ ဦး၊ လှန်လှိုင်လှတွင် ၂ ဦးနှင့် ရန်နွေးနှင့် နမိယူပီကျေးရွာတွင် ၁ ဦးစီတို့ကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာအတွက် တစ်လလျှင်ငွေကျပ်တ ၁၀၀၀၀/- နှုန်းဖြင့် လူမှုရေးပင်စင် ၃၀၀၀၀/- ထောက်ပံ့ ပေးခဲ့သည်။

ဆက်လက်၍ မသန်စွမ်းသူများအား ထောက်ပံ့ပေးရာ ဆွမ္မရာမြို့တွင် မသန်စွမ်းသူ ၄ ဦး၊ ပန်ဆပ်ကျေးရွာတွင် ၂၂ ဦး၊ ရန်နွေးကျေးရွာတွင် ၇ ဦး၊ ဒိန်းကလိန်းကျေးရွာတွင် ၆ ဦး၊ ချယ်ရာကျေးရွာတွင် ၃ ဦး၊ လေယုံကျေးရွာနှင့် ဟိန်ကွတ်ကျေးရွာတို့တွင် မသန်စွမ်းသူ ၂ ဦးစီတို့ကို ငွေကျပ်သုံးသောင်းစီ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို လေရှီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် စီမံကိန်းဦးစီးမှူး ဦးသန်းဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူးနှင့်ရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ကျေးရွာ အုပ်ချုပ် ရေး မှူး တို့ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)