အညာဒေသတွင် ပုန်းမကျီအရှင်မအား ပူဇော်တင်မြှောက်ပွဲကို ရိုးရာမပျက်ပြုလုပ်

နတ်မောက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ကျေးရွာများတွင် အစဉ်အလာမပျက်ပုန်းမကျီအရှင်မ ပူဇော် တင်မြှောက်ပွဲကို တပေါင်းလဆန်း(၃)ရက် ယနေ့နံနက်စောပိုင်းက ပြုလုပ်ခဲ့ကြသည်။

မြန်မာ့ရိုးရာဓလေ့အရ နှစ်စဉ်တပေါင်းလဆန်း(၃)ရက်နေ့ နံနက်စောတွင် ကျေးရွာသူ၊ ကျေးရွာသားများက  ထမင်းဖြူ၊ မုန့်ဆီကြော်၊ ထန်းလျက်၊ လက်ဖက်၊ ပုန်းမကျီပန်းတို့ဖြင့် ပုန်းမကျီပွဲများပြင်ဆင်ကာ ပုန်းမကျီတင်ကြကြောင်း ပုန်းမကျီတင်ရာတွင် မိမိနေအိမ် အိမ်ဦးခန်းအပါအဝင် ပစ္စည်းထိန်းသိမ်းထား သည့် နှမ်းမျိုးအိတ်၊ မြေပဲအိတ်၊ ဆန်အိတ်များပေါ်တွင်လည်းကောင်း၊ နွားတင်ကုတ်များ၊ ရေတွင်းများ၊ နွားလှည်းများပေါ်တွင်လည်းကောင်း ပုန်းမကျီတင်ကြရကြောင်း၊ တောင်သူများက နွားရှိသူဖြစ်လျှင် မုန့်ဖြူ ဖြင့် နွားရုပ်ပြုလုပ်၍လည်းကောင်း၊ ထန်းတက်သမားများက မုန်းဖြူဖြင့် ထန်းတက်လှေကားသဏ္ဍာန်၊ မြူအိုး သဏ္ဍာန်ပြုလုပ်ပူဇော်ကြကြောင်း အမေကြီးဒေါ်စိန်တင်က ပြောသည်။

“ပုန်းမကျီတင်တာဟာ  အညာဒေသကတော့ ပုံစံတူကြပါတယ်၊ လာမဲ့နှစ်မှာ မိုးလေဝသမှန်အောင်   စောင့်ရှောက်ပေးပါ၊ စိုက်ပျိုးမဲ့ ကောက်ပဲသီးနှံတွေလည်း အောင်မြင်ဖြစ်ထွန်းအောင် ပိုးမွှားရောဂါကင်းရှင်း အောင် ပုန်းမကျီအရှင်သခင်မက ကူညီစောင့်ရှောက်ပေးပါဆိုပီးတော့ ပုန်းမကျီတင်ကြတာပေါ့၊  နွားရှိ သူတွေက ပုန်းမကျီပွဲအပြင် နွားကျောင်းသားအသုံးအဆောင် ခမောက်၊ လွယ်အိတ်၊ တံဇဉ်တွေပါ ပူးတွဲ ချည်ထုပ်ပြီး နွားတင်ကုတ်မှာတင်ကြရတယ်”ဟု ကြူအိုင်ကျေးရွာ ဦးမောင်စုက ပြောသည်။

တပေါင်းလဆန်း(၃)ရက်နေ့ နံနက်စော ၄ နာရီခန့်တွင် ကျေးရွာလူငယ်အမျိုးသား၊ အမျိုးသမီးများသည်  အိမ်စဉ်လိုက်လံ၍ ပုန်းမကျီပူဇော်ထားသည့်ပွဲများကို ကောက်ယူကြပြီး ပုန်းမကျီခိုးသည့် ပွဲလမ်းသဘင် အဖြစ် တပျော်တပါး ဆင်နွှဲကြသည်ကို တွေ့မြင်ရသည်။

မူမူစန်း