နတ်မောက် ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ်တပ်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က နတ်မောက်မြို့နယ်အတွင်း ကိုယ်ပိုင်မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ် တပ်ဆင်နိုင်ရေးလုပ်ငန်းများအတွက် မြို့နယ်ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီမှ ဦးဆောင်တာဝန်ယူပြီး လုပ်ဆောင်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်ဟိုက မကွေးလိုင်စင်ဖြစ်သည့် မော်တော်ယာဉ်ပိုင်ရှင်များ ဖောင်းကြွနံပါတ်ပြားအသစ်များကို မတ်လ(၃၁)နေ့နောက်ဆုံးထားပြီး ပြောင်းလဲတပ်ဆင်ရန်ရမည်ဖြစ်၍ ကိုယ်တိုင်မလုပ်နိုင်သော မော်တော်ယာဉ်ပိုင်ရှင်များ ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရှိ ကိုယ်ပိုင်မော်တော်ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း