ကျွန်းစု၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း အပူပိုင်းမုန်တိုင်း"နိုလ်"ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ရေဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့နံနက် (၁၁) နာရီက ကျွန်းစုမြို့၊ ကျွန်းရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့အတွင်း ရေဘေးကြောင့် ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကော်ဇယာကျေးရွာအုပ်စု၊ တာလပိုင်းကျေးရွာအုပ်စု၊ မအိုင်ကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စုများရှိ နေအိမ်(၁၈)လုံး ပြိုကျပျက်စီးခဲ့ပြီး တစိတ်တစ်ပိုင်းပျက်စီး နေအိမ်(၆၃)လုံးရှိရာ ၎င်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၈)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၆၂၀၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၄၁၇)ဦးအတွက် တစ်ပတ်စာဆန်ဖိုး (၈၇၅၇၀၀) ကျပ်၊ စုစုပေါင်း (၆၄၉၅၇၀၀)ကျပ် တို့အား မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်ကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ၎င်းမှတစ်ဆင့် ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက် ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)