ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ငှက်တော်ဦးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးစွာရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ကန်သာယာကျောင်းတိုက် ဦးစီးပဌာနဆရာတော် ဦးကဝိန္ဒက အမျိုးသားယဉ်ကျေးမှုနှင့် ပက်သက်၍ ဩဝါဒစကားမြွတ်ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဦးစောလင်းအောင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက်ချင်း အမျိုးသားနေ့ သဝဏ်လွှာကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြားသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးက ချင်းအမျိုးသားနေ့အတွက် လှူဒါန်းငွေများပေးအပ်ချီးမြှင့်ရာ ဆလိုင်းအေးပိုင်မှ လက်ခံရယူသည်။ ဆက်လက်၍ အရှိုချင်းတိုင်းရင်းသားစာပေစာမေးပွဲတွင် ထူးချွန်ဆုရရှိသူများနှင့် စာပေသင်ကြားရေးနှင့် မိမိတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု၊ ထိန်းသိမ်းနိုင်မှု ကျင့်သုံးနိုင်မှု ထူးချွန်ဆုရရှိသော ဆရာ၊ ဆရာမတို့အား ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးလှိုင်မင်းထွဋ်တို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အရှိုချင်းတိုင်းရင်းသား၊ တိုင်းရင်းသူလေးများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)