မင်းဘူး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ချဉ်ပေါင်စိုက်တောင်သူများအနေဖြင့် ၎င်းတို့၏ ထွက်ကုန်ချဉ်ပေါင်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြသည်။
အဆိုပါ ချဉ်ပေါင်စိုက်တောင်သူ ဒေါ်မြအေးမှ “ချဉ်ပေါင်ပင်များကို ရာသီမရွေးစိုက်ပျိုးနိုင်သည့်အတွက် ကျွန်မတို့အနေနဲ့ နေ့စဉ်ဝင်ငွေရရှိပါတယ်။ မိုးဦးကာလ ရေဝပ်တဲ့နေရာတွေမှာ စိုက်ပျိုးလို့မရတဲ့အတွက် ကျွန်မတို့က ပေါင်တင်စိုက်ပျိုးကြပြီး ဆောင်းတွင်းနှင့်နွေကာလများမှာ စိုက်ခင်းထဲတွင်ကျဲပက်၍ စိုက်ပျိုးကြပါတယ်” ဟုချဉ်ပေါင်ပင် စိုက်ပျိုးပုံနှင့်ပတ်သတ်၍ ပြောပြသည်။
ချဉ်ပေါင်စိုက်တောင်သူများက ဈေးကွက်အတွင်းသို့ ချဉ်ပေါင် (၅) ပါ တစ်စည်းလျှင်(၁၈၀)ကျပ်ဈေးဖြင့် ဖောက်သည်ပေးရပြီး၊ လက်လီဈေးအနေနဲ ၂၂၅/၂၅၀ စသည်ဖြင့် အမျိုးမျိုးရောင်းချ၍ ချဉ်ပေါင်စိုက်တောင်သူများက ရက်ခြားနုတ်ရောင်းချကာ တစ်ခါရောင်းချလျှင် ၅၀၀၀၀ ကျော် ၆၀၀၀၀ အထိ ရရှိကြသည်။
မင်းဘူး(စကု)မြို့နယ်တွင် မြန်မာချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ ချဉ်ပေါင်ခါးများ စိုက်ပျိုးလေ့ရှိကြပြီး ချဉ်ပေါင်စေ့ကျဲပြီး (၃)ရက်မှ (၅)ရက်အတွင်း အပင်ငယ်များဖြစ်လာကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၆)ပြည်ကျဲပက်၍ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး(၄၅)ရက်မှ (၆၀)ရက်အတွင်း ခူးဆွတ်ကာ ဈေးကွက်တင်ပို့နိုင်ခြင်းတို့ကြောင့် ချဉ်ပေါင်စိုက်တောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)