ဖျာပုံမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးဆောင်ရွက်

ဖျာပုံ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အထက (၁)၊ အထက (၂)ကျောင်းများမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အောင်ချက်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပို့ချချက်များအား ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့ အထက-၁ ကျောင်းအောင် မြေခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးရာတွင် ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဖျာပုံမြို့နယ် ပညာရေးမှူး ဦးထွန်းလွင်တို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း အသီးသီးဆွေးနွေးပြောကြားသည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် အထက(၁)ကျောင်း၊ အထက(၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ပို့ချချက်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြသည်။ ဖျာပုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အား သက်ဆိုင်ဌာနဆိုင်ရာများမှ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ပို့ချချက်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)