ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုအန္တရာယ် ကင်းဝေးစေရန်နှင့် ဧရာဝတီမြစ်ရေစီးလမ်းကြောင်းမွန်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် သံကိုင်းကျေးရွာ ရေလမ်းကောင်းမွန်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းတည်ဆောက်ပြီးစီးမှု ၈၅ ဒသမ ၂၇ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီသွားပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း မြစ်/ချောင်းများ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ကမ်းပါးပြိုကျမှု အန္တရာယ် လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သန်း(၅၀၀)ခွင့်ပြုချထားခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် ရန်ပုံငွေကျပ် ၄၈၇ ဒသမ ၇၄၀ သန်းအား အသုံးပြု၍ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအနီး ဧရာဝတီမြစ်ရေစီးလမ်းကြောင်းကောင်းမွန်စေရန်နှင့် ကျေးရွာနေပြည်သူများ မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရန်အတွက် သံကိုင်းကျေးရွာ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းဖြစ်သည့် အရှည်ပေ ၄၀၈ ပေရှိ နှစ်တန်းသွား ထန်းလုံးတိုင်ရေကာတာလုပ်ငန်းနှင့် အရှည်ပေ ၂၈၀၀ ပေရှိ အရွယ်အစား (၄×၄×၈) R.C.C Porcupine ၂၄၅၀ ခု ရေကာချထားခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ကာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရပြီး ယခုအခါ ရေလမ်းကောင်းမွန်ရေးလုပ်ငန်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ၈၅ ဒသမ ၂၇ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ယင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးသန့်ညီအောင်ထံက သိရသည်။
ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက သံကိုင်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကမ်းအနီးရှိ ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ မြစ်ရေတိုက်စားမှုကြောင့် ကြုံတွေ့ရသည့် ကမ်းပါးပြိုကျမှုအန္တရာယ် ကင်းဝေးစေမည့်အပြင် မြစ်/ချောင်းများ ရေစီးလမ်းကြောင်း ကောင်းမွန်စွာဖြင့် စီးဆင်းမှုကိုအထောက်အကူပြုပေးနိုင်မည်ဖြစ်၍ ဧရာဝတီမြစ်အတွင်း သဲသောင်ဖြစ်ထွန်းမှုများကို လျော့နည်း သက်သာစေမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)