ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ကြီး ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက အသက်(၁၈) နှစ်အောက် ကလေးတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှာ ကလေးသူငယ်များရဲ့ အခွင့်အရေး (၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ ရရှိရေးတို့ကို ထည့်သွင်းဖော်ပြထားပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ် စောင့်ရှောက်ရန်၊ လစ်လျူရှုခြင်း၊ အလွဲသုံးစားခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရ သောကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊

ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန် စသည့်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာသည့် မြို့မရဲစခန်းမှူးက ဆိုးသွမ်းကလေးသူငယ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိက ကလေးသူငယ်များနှင့်ပတ်သက်သည့် ဥပဒေကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း(၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကို အခန်း(၁၉)ခန်း၊ ပုဒ်မ(၇၅)ခုဖြင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေကိုလည်းကောင်း ပြဌာန်းနိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေမှာ လိုအပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၃) ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို အခန်း(၃၀)ခန်း၊ ပုဒ်မ(၁၂၁)ခုဖြင့် ပြင်ဆင် ပြဌာန်းခဲ့ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉) လက်ကမ်းစာအုပ်များ ဖြန့်ဝေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)