ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ရွှေကျင် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ကုသရေးဦးစီးဌာနလက်အောက်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေ‌ရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်‌ပေါ်စေရေး၊ ဆောင်ရန်/ ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီးသက်တမ်း‌စေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ဒေါက်တာ သိန်းနိုင်လင်းထံမှ သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်‌ပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ  လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)