မယ်စဲ့ ဖေဖော်ဝါရီ ၂၁
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေး ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် အထက(မယ်စဲ့)ရှိ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သုတေသနတွေ့ရှိချက်အရ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း တွေ့ရှိရသဖြင့် မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် အပိုဆောင်းကာကွယ်ဆေးတို့ကို သတ်မှတ်ရက်များအလိုက် အလှည့်ကျ ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဝတ်ရည်(မယ်စဲ့)