ပြည် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ယမန်နေ့နံနက် ၁၀နာရီက "စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃)" သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေး ဖြတ်ပြီးသူများအား နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းသင်တန်းကို မူးယစ်ဆေးဖြတ်ပြီးသူသင်တန်းသား(၂၀)ဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ သင်တန်းကာလအတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့် စိုက်ပျိုး/ မွေးမြူရေးအပါအဝင် ဒေသနှင့်ကိုက်ညီသည့် အခြားစက်မှု/ လက်မှု သက်မွေးပညာများကို သင်ကြားဆောင်ရွက်ပေးမည်ဖြစ်ကာ ယင်းအပြင် သင်တန်းဆင်း၍ သင်တန်းသားများ ရပ်ရွာအတွင်းပြန်လည်ရောက်ရှိပါကလည်း ၎င်းတို့အား နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများကို စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စခန်းတာဝန်ခံထံမှသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အမှတ်(၂) ရဲလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ မူးယစါဆေးစွဒသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုဥက္ကဋ္ဌ၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ MANA အသင်း၊ (ဝက်ထီးကန်) တိုက်နယ်ဆရာဝန်နှင့် သင်တန်းသားများ စုစုပေါင်း (၁၀၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
ကိုဆက်(ပြန်/ ဆက်)