ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ(၁၃)ရွာ၌ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာများမှာ ပွင့်ဖြူမြို့နယ် ကနီကျေးရွာ၊ မင်းလှကျေးရွာ၊ ရွာထောင်ကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပန်းတုံးလေးကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ ဖလံတောကျေးရွာ၊ နှောကျင်းကျေးရွာ၊ ညောင်ခြုံကျေးရွာ၊ ပန်းတုံးကြီးကျေးရွာ၊ ညောင်လှကျေးရွာနှင့် စံပြကျေးရွာတို့ဖြစ်ကာ ကျေးရွာတစ်ရွာလျှင် (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီထောက်ပံ့၍ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများကို လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မရှိ မြေနီကျောက် စရစ်လမ်း (၁၂)ခုနှင့် ကွန်ကရစ်လမ်းတစ်ခု၊ စုစုပေါင်း ကျေးရွာတွင်းလမ်း(၁၃)ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်ခန့်ကစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
"ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်နေပြည်သူတွေ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်စေဖို့၊ ဒေသထွက်သီးနှံထုတ်ကုန်များကို လွယ်လင့်တကူ သယ်ယူပို့ဆောင်နိုင်စေဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး ကျေးရွာပေါင်း(၁၃)ရွာမှာ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲပါတယ်။ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီ ထောက်ပံ့၍ ကျေးရွာပြည်သူလူထုရဲ့ ထည့်ဝင်ငွေနဲ့ စုပေါင်းပြီး ဌာနရဲ့ ကြီးကြပ်မှုနဲ့ ကျေးရွာလူထုကိုယ်တိုင် ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်ကစပြီး တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုဆိုရင် ကျေးရွာနေပြည်သူများရဲ့ စုပေါင်းအားနဲ့ ကျေးရွာတွင်းလမ်းများအားလုံး အဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်လို့ ကျေးရွာနေပြည်သူတွေ ရာသီမရွေး အဆင်ပြေစွာ သွားလာခွင့်ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာနေ ပြည်သူ တွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိတဲ့ ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချ နိုင်မှာဖြစ်လို့ ကျေးရွာတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )