ဝန်းသို စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု ဒီးဒုတ်ကုန်းကျေးရွာတွင် မျှစ်ချဉ် လုပ်ငန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ်တစ်ပိဿာကို ၃၅၀ကျပ်သာရရှိ၍ ဈေးမကောင်းသောကြောင့် အဆင်မပြေဖြစ် နေကြကြောင်း အဆိုပါကျေးရွာ မျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“ကျမတို့ကျေးရွာပြည်သူများကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်၊ နှစ်စဉ် အခုလို မိုးစပါးစိုက်ပြီးချိန်ကြားကာလမှာ တစ်နိုင်တစ်ပိုင်အနေနဲ့ မျှစ်ချဉ်လုပ်ငန်းကို တစ်ရွာလုံး လုပ်ကိုင်ကြပါ တယ်၊ နှစ်စဉ်နှစ်တိုင်းဆို မျှစ်ချဉ်တစ်ပိဿာကို ၄၅၀၊ ၅၀၀လောက်ရောင်းရပါတယ်၊ အခုအချိန်က ကိုဗစ်-၁၉ ရောဂါကာလဆိုတော့ ဈေး မကောင်းဘူး၊ ရွာထဲက မျှစ်ချဉ်ဒိုင်တွေဆီ ၃၅၀ဈေးနဲ့ရောင်းရတယ်၊ ရွာထဲက မျှစ်ချဉ်ဒိုင်တွေကတစ်ဆင့် မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ခင်ဦး၊ ကောလင်းမြို့တွေကိုပို့တယ်၊ တစ်ချို့အဆင်ပြေတဲ့ သူတွေကတော့ မရောင်းဘဲနှစ်ပေါက် အောင်ထားတယ်၊ အဆင်မပြေတဲ့သူတွေကြတော့ရတဲ့ဈေးနဲ့ဘဲ ရောင်း နေကြရတယ် “ ဟု ဒီးဒုတ်ကုန်းကျေးရွာမှ ဒေါ်ငွေက ပြောသည်။
“ မျှစ်ချဉ်ပြုလုပ်တော့မယ်ဆိုရင် မနက်ပိုင်း ၆နာရီလောက် ဆိုင်ကယ်နဲ့ တောထဲသွားပြီး (ဝါးပိုး)မျှစ် ကို ချိုးရပါတယ်၊ နေ့ခင်းဘက် ၁၂ နာရီအချိန်လောက် အိမ်ပြန်ရောက်ပါတယ်၊ ရလာတဲ့မျှစ်တွေကို ရေစင် အောင်ဆေးပြီး မျှစ်တွေကို အချောင်းအချောင်း လေးတွေ ဖြစ်အောင် ဓါးနဲ့ပေါက်ရပါတယ်၊ ပေါက်ထားတဲ့ မျှစ် တွေကို စဉ့်အိုး၊ ခြင်းကြားတွေထဲမှာ အရည်မကျအောင် ပလပ်စတစ်နဲ့ လေလုံ အောင်ထားပြီး အပေါ်ကမှ ကျောက်ခဲ တွေနဲ့ ဖိထားရပါတယ်၊ မျှစ်ချဉ်လှအောင်လို့ လက်နဲ့ နှိပ်နှိပ် လို့ပြင်ပေးရတယ်၊ ထမင်းနဲ့အခြား အရောင်ဆိုးဆေးတွေကိုမထည့်ဘူး၊ သုံးရက် လောက် နေရင် တော့ သဘာဝအလိုက် မျှစ်ချဉ်ဖြစ်သွားပါပြီ၊ လေလုံအောင်ထားရင် တစ်နှစ်ပတ်လုံးလဲ ထားလို့ ရပါတယ်” ဟု မျှစ်ချဉ်ပြုလုပ်ပုံကို သူကဆက်ပြောသည်။
ဒီးဒုတ်ကုန်းကျေးရွာသည် မြို့နှင့် ၂မိုင်ခန့်ကွာဝေးကာ နန်းလိုင်းချောင်းကမ်းနံဘေး တွင် တည်ရှိ သည်။ အိမ်ခြေ ၅၇အိမ်၊ လူဦးရေ ၃၆၀ ကျော်နေထိုင်လျက်ရှိပြီး လယ်ယာ လုပ်ငန်းအပြင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် ဝါးနှီးဖြင့်ပြုလုပ်သော ခြင်းကြား ရက်လုပ်ငန်း၊ မျှစ်ချဉ် လုပ်ငန်းများကို တစ်နိုင် တစ်ပိုင်လုပ်ကိုင်၍ နေ့စဉ်မိသားစုဝင်ငွေ ရရှိအောင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)