ဒီးမော့ဆို ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရန်အင်အားဖြစ်သည့်အပြင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြစ်စေရေးအတွက် ယခုလို သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးခဲ့သော မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို မိမိတို့ရပ်ရွာများတွင် အကောင်းဆုံး ပြန်လည်အသုံးချသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ပထမဆု ရရှိသော နောင်ပုလဲကျေးရွာအုပ်စုမှ အရန်မီးသတ် တပ်သား ဇာနီဦးသိန်း အား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော် က လည်းကောင်း၊ ဒုတိယဆု ရရှိသော ထီးဖိုးကလိုးကျေးရွာအုပ်စုမှ အရန်မီးသတ် တပ်သား ကေးရယ် အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုး က လည်းကောင်း ဆုများ ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် နေရဲလွင် က ပေးအပ်ပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း က ရှေးဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားပို့ချပေးသော မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးစိုင်းနေဇော်ထွေး အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် စစ်ရေးပြ၊ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမှ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)