မြိတ် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် ကတ္တလူအသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြုပြင်ခြင်းမြို့ပြဆိုင်ရာလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာရှိ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံပြုပြင်ခြင်း မြို့ပြဆိုင်ရာလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကြပြီး ဓာတ်အား ထုတ်စက်ရုံအတွင်း စက်တပ်ဆင်အင်အား ပြုပြင်ဆောင်ရွက်နေမှု၊ Penstock ပိုက်များ အသစ် လဲလှယ်ပြုပြင်ခြင်း၊ ရေသွယ်မြောင်းနှင့် ပိုက်ထိန်းခုံများ ပြုပြင်ခြင်း၊ စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ကြိုတင်လုပ်ငန်းများဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးထွဋ်ဦးတို့မှ ဓာတ်အားပေးစက်ရုံ ပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြုပြင်တည်ဆောက်ရေးလုပ်ငန်းအား အရည်အသွေးပြည့်မီအောင် စနစ်တကျဆောင်ရွက်ကြရန်၊ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရန် လုပ်ငန်းလမ်းညွှန်မှာ ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်မြောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံတွင် စက်တပ်ဆင်အင်အား (၅၀)ကီလိုဝပ်တစ်လုံး၊ (၇၅)ကီလိုဝပ် နှစ်လုံးတပ်ဆင်ထားရှိပြီး နှစ်စဉ်ဓာတ်အား ပျှမ်းမျှထုတ်လုပ်နိုင်မှုအနေဖြင့် (၁၂၅၀၀၀) ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုင်းအနေဖြင့် (၁၁)ကေဗွီလိုင်း (၁၅)မိုင်၊ (၄၀၀)ဗို့ လိုင်း(၂၀)မိုင်၊ သွယ်တန်းထားရှိကာ ကျေးရွာ(၄)ရွာ၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်နှင့် ကျွန်းစု မြို့ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။
ဓာတ်အားပေးလုပ်ငန်းပြုပြင်ခြင်းလုပ်ငန်းအား (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သန်း (၂၅၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်၌လည်း ဓာတ်အားပေးစက်ရုံ မွမ်းမံပြင်ဆင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ဖြုးထွန်း ကုမ္ပဏီ ကတ္တလူ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ပြုလုပ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)