ရေဦး ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ရေဦးကုန်းကျေးရွာအုပ်စု ရေဦးကုန်းကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လိမိတက်ရုံးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ နွေစပါးစိုက်ပျိုးရေး တွေ့ဆုံဆွေးနွေးခဲ့ကြရာ နွေစပါးစိုက်တောင်သူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရေဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်ဘဏ္ဍာငွေ လည်ပတ်စီးဆင်းနေမှုအခြေအနေများ၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိစေရန် ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အပြင် ထွက်ရှိလာသော စပါးများ ရောင်းချနိုင်ရေး ဈေးကွက်နှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က မြို့နယ်တွင်း လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။
မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မြင့်ထွန်းက နွေစပါးစိုက်ပျိုးရေး အကျိုးတူလယ်ယာစနစ်ဖြင့် နိုင်ငံတော်က တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်း အထူးချေးငွေအဖြစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့ရာတွင် ချေးငွေအစား မျိုးစပါး၊ မြေဩဇာ၊ သွင်းအားစုအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအားလုံး အကျိုးရှိစေရေးအတွက် စနစ်တကျဖြင့် အစုအဖွဲ့များဖွဲ့စည်း၍ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ရေလိုအပ်ချက်နည်းပြီး ရေကြီးနစ်မြုပ်မှုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်သည့်ဒေသ၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသော ဈေးကွက်၀င် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်ကြောင်း၊ မိုးနှင့်ဆောင်းသီးနှံ အပြီးတွင် နွေသီးနှံစိုက်ပျိုးခြင်းဖြင့် ဒေသခံတောင်သူများ၏ ၀င်ငွေ တိုးပွားပြီး လူနေမှုဘ၀ မြင့်မားလာစေရေး အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သီးနှံမျိုးစေ့နှင့် သွင်းအားစု လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် နွေစပါးစိုက်ပျိုးမည့် တောင်သူများမှ ရေရယူရာတွင် ကြုံတွေ့ကြရသည့် အခက်အခဲများ၊ နွေသီးနှံပေါ်ချိန် သီးနှံသိမ်းဆည်းထားနိုင်ခြင်းမရှိ၍ စပါးသီးနှံအစား ချေးငွေကို ငွေသားဖြင့်သာ ပြန်လည်ပေးဆပ်လိုကြောင်း တင်ပြခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က နွေစပါးအတွက် စိုက်ပျိုး ရေပေးဝေသွားမည်ဖြစ်ပြီး ချေးငွေထောက်ပံ့မှုကဏ္ဍနှင့် ပတ်သက်၍ သက်ဆိုင်ရာ၀န်ကြီးဌာနသို့ ပြန်လည်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ကြပြီး ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းသန်း ပြန်/ဆက်