ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုပြတိုက်တွင် (၇၅) နှစ်မြောက်  စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုပြတိုက်တွင် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီ အချိန်ကကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြတိုက်ရှိ ဆမိုလှဦးခန်းမ၌ နိုင်ငံတော်သီချင်းကို အရှိုဘာသာဖြင့်သီဆို၍ နိုင်ငံတော် အလံအားအလေးပြုခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Geng Phang နော်တောင် ထံမှပေးပို့သော ချင်းအမျိုးသားနေ့သဝဏ်လွှာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က ဖတ်ကြားသည်။ ဆက်လက်၍ ပြတိုက်အပေါ်ထပ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးက နိုင်ငံတော်အစိုးရက လက်ရှိဆောင်ရွက် နေသည့်လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ချက်များ၊ အရှိုချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ အမျိုးဘာသာ သာသနာတည်တံ့စေရေးနှင့် မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်၊  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ခင်စည်းလုံးစွာနေထိုင်ကြရန်၊ တိုင်းရင်းသားရိုးရာစာပေများ မပျောက်ပျက်အောင် ဆရာ၊ ဆရာမများက သင်ကြားပေးရန်နှင့် မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်း အမွေပေး နိုင်ရေး ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များတွင် လိုအပ်သည်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် တောင်တန်းသာသနာပြု ဆရာတော်များအား အရှိုချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များက ပင့်ဆောင်၍ တရားတော်များနာကြားပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုကို ကျဆုံးလေပြီးသော ချင်းတိုင်းရင်းသား ခေါင်းဆောင်များအား အမျှပေးဝေသာဓုခေါ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)