ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးတောင်သူများ သီးနှံပေါ်ဦးပေါ်ဖျား ယခင်နှစ်ကထက် ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးတောင်သူများ သီးနှံများစတင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ သီးနှံပေါ်ဦးပေါ်ဖျား ယခင်နှစ်ကထက် ဈေးကောင်းရရှိနေသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ် ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆောင်းသီးနှံကုလားပဲစိုက်ဧက ၂၁၃၁၇ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရကာ အဆိုပါ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများမှာ ယခုအခါ အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းပြီး လှိုင်လှိုင်သိမ်းဆည်းလျက်ရှိကာ ကုလားပဲသီးနှံ ပေါ်ဦးပေါ်ဖျားတွင် သီးနှံအရည်အသွေးပေါ် မူတည်ပြီး ကုလားပဲတစ်တင်းလျှင် ငွေကျပ် ၆၂၀၀၀၊ ၆၃၀၀၀၊ ၆၅၀၀၀ အထိ မြို့နယ်အတွင်းရှိ ပဲမျိုးစုံသီးနှံရောင်းဝယ်ရေးကုန်သည်လုပ်ငန်းရှင်များက ယခင်နှစ်ကထက် ဈေးကောင်းပေး ဝယ်ယူနေသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ်များ ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

"ဒီနှစ် ဆောင်းသီးနှံကုလားပဲဈေးက ပြီးခဲ့တဲ့နှစ်ကထက် ဈေးကောင်းရရှိလို့ ဒေသခံတောင်သူတွေ လုပ်ငန်းအဆင်ပြေကြပါတယ်။ ဆောင်းသီးနှံကုလားပဲကို နှစ်စဉ် အောက်တို ဘာလဆန်းပိုင်းလောက်ကစပြီး စိုက်ပျိုးကာ ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ရိတ်သိမ်း ခြွေလှေ့ရပါတယ်။ ဒီနှစ်က နောက်ပိုင်း မိုးနှောင်းမိုးရွာသွန်းမှုကောင်းခဲ့လို့ ဆောင်းသီးနှံကုလားပဲ စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိတယ်ဗျ။ တစ်ဧကကို ပျမ်းမျှ တင်း ၂၀ မှ ၂၅ တင်းခန့်အထိ ထွက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆောင်းကုလားပဲသီးနှံ ပေါ်ဦးပေါ်ဖျားမှာ တစ်တင်းကို ငွေကျပ် ၄၅၀၀၀ ဈေးနဲ့သာ အရောင်းအဝယ်ရှိခဲ့တာ။ ဒီနှစ်တော့ ကုလားပဲဈေးက သီးနှံအရည်အသွေးပေါ်မူတည်ပြီး တစ်တင်းကို ငွေကျပ် ၆၂၀၀၀၊ ၆၃၀၀၀၊ ၆၅၀၀၀ ဈေးနဲ့ ဒေသတွင်းရှိ ပဲမျိုးစုံရောင်းဝယ်ရေးကုန်သည်လုပ်ငန်းရှင်များက ဈေးကောင်းပေး ဝယ်ယူနေတာကြောင့် ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးတောင်သူတွေအတွက် စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုပစ္စည်းဖိုး ကုန်ကျစရိတ်တွေ ကာမိတဲ့အပြင် သီးနှံဝင်ငွေ အကျိုးအမြတ်ရလို့ လုပ်ငန်းအဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၊ ဆီထွက်သီးနှံများ၊ ဖူးစားပြောင်းသီးနှံ၊ စားဖိုဆောင်သီးနှံများနှင့် ကျွဲနွားတိရစ္ဆာန်အစာအဖြစ် နှံစားပြောင်းသီးနှံတို့ကို သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ တောင်သူများ သီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် များ မှန်ကန်ရေး ၊ သဘာဝမြေဩဇာနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)