ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအတွင်း တည်ထားကိုးကွယ်ထားသည့် ကောင်းမူတော် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကျင်းပ

ဟင်္သာတ ဖေဖေါ်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ဖားအောက်တောရ ဆရာတော်ကြီး၏ မွေးရပ်မြေလိပ်ချောင်းအုပ်စု လိပ်ချောင်းကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူ ကောင်းမူတော်ဝိသုံဂါမ သိမ်စေတီတော်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန် ၉ နာရီခွဲက အဆိုပါကျေးရွာ ရှိစလင်းဘုန်းတော်ကြီးကျောင်းတိုက် ရေစက်ချ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကျင်းပရာ ယာယီမဏ္ဍပ်ဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဌာနဆိုင်ရာများ အလှူရှင်များ ဆရာတော်ကြီး၏ တပည့်ဒါယကာ ဒါယိကာမများက ဖားအောက်ဆရာတော် ဘုရားကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တအာစိဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီး ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရား ချီးမြှင့်ခြင်း၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များအား အန္တရာယ်ကင်းပရိတ်ရေ၊ ပရိတ်ပန်းများ ပက်ဖျန်းခြင်း၊ စေတီတော်ကြီးအား လက်ယာရစ် (၃) ပတ် လှည့်လည်ခြင်း၊ ဇယန္တောအောင်ဂါထာများ ရွတ်ဖတ်ခြင်း၊ ကောင်းမူတော် စေတီတော်ကြီးအား ထီးတော်တင်ခြင်းနှင့် စိန်ဖူးတော်မြတ် တင်လှူပြီးနောက် ဖားအောက်ဆရာတော် ဘုရားကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ အနေကဇာတိသံသာရံစသော ဥဒါန်းပါဠိတော်ဂါထာများ ရွတ်ဆိုပူဇော်ခြင်း၊ ဗောဓိရိပ်ငြိမ် ဆရာတော် ဘဒ္ဒန္တကုန္ဒြာစရိယမှ သင်္ခေပအနုမောဒနာဒေသနာနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဗုဒ္ဓသါသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပြီး အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များအား နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)