ရွှေတောင် ဒီဇင်ဘာ ၁၉
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club ဖြင့် မုဒိတာ စာဖတ် ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဆရာကြီး ဦးအုန်းမောင်နှင့် ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)တို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည် ။
ထို့နောက် စာအုပ်ဖြင့် (ကွမ်းခြံကုန်း) သောင်းမြင့်ဦးရေးသားသော နဝင်ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများစသည့် စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများ၊ ရသတို့ကို ဆရာကြီး ဦးဇော်မင်းနှင့် ဆရာကြီးဦးမြင့်ဦး၊ ဆရာကြီး ဦးစိန်လှတို့က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုကိုမင်း (ပြန်/ဆက်)