ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၉
ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းနိုင်စေရေးနှင့် အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူရေးတိုက်တွန်း ပေးနိုင်စေရေးအတွက် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ရပိုင်ခွင့်အခွင့်အရေးများ ဥပဒေပြဋ္ဌာန်းချက်များအား မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးခေါင်းစဉ်ဖြင့် Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် ကျင်းပသည်။ ဆွေးနွေးပွဲတွင် အဆိုပါ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲဝါတို့က ဆွေးနွေးသည်။
ထို့နောက် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲအား ဒုတိယဦးစီးမှူးနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲဝါတို့က ဆွေးနွေးရာ၌ အလုပ်ခန့်မည့်ကလေးများသည် အသက် (၁၄) နှစ်ပြည့်ပြီး ရမည်ဖြစ်ကြောင်း ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေများဖြစ်သည့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ ကလေးအလုပ်သမားများ ပပျောက်ရေးရည်မှန်းချက် (၃)ရပ်နှင့် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် စသည်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်စဉ်ဆက်မပြတ်ပြုလုပ် ကျင်းပဆောင်ရွက်ပေးလျက်ရှိသည့် အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် လေ့လာမှတ်သားသိရှိလိုပါက On Line မှတဆင့် Welove Kyarin Seikkyi Facebook Page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်