လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က ကရင်ဘာသာပဋိ ကဘာသာပြန် ကျောက်စာရေးထွင်းသည့်ဓမ္မာရုံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဝင်းသန်းက မိမိတို့ဒေသအတွက် လိုအပ်သည့် ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေး လုပ်ငန်းများအတွက်လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် လမ်း၊ တံတားများနှင့် ကုန်ထုတ်လမ်းများဖောက်လုပ်နိုင်စေရေးကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း ရှင်းပြသည်။
ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းက တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်း၊ မြိုင်ကြီးငူအထူးဒေသ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး စောကျော်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသိန်းဇော်က ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍအဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးခြင်းလုပ်ငန်းများ၊ လမ်းတံတားတည်ဆောက်လုပ်ငန်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများက စိုက်ပျိုးရေး၊ မွေးမြူကဏ္ဍ၊ လျှပ်စစ်မီး ရရှိရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သတင်းအမှန်အမှားခွဲခြားနိုင်ရေး၊ ဆိုရှယ်မီဒီယာကို အကျိုးရှိစွာအသုံးချနိုင်ရေးစေရေး စသည့်အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက မိမိရပ်ရွာမှ လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး ကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုသိရှိနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)