ကော့ကရိတ် ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (လပြည့်လကွယ်)နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း/ကွမ်း အထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကိုကျင်းပရာ ယမန်နေ့ညနေ (၄) နာရီချိန်က အမှတ်(၆)ရပ်ကွက်ရှိ ဇိနသုခလောက သရဖူစေတီတော် ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဇိနသုခလောကသရဖူစေတီတော် သဟပုညကာရီဓမ္မာရုံမှစတင်၍ ဗုဒ္ဓရုပ်ပွားတော်အားရှေ့ဆုံးမှပင့်ဆောင်၍ ကော့ကရိတ်မြို့နယ်အတွင်း ကျောင်းတိုက် (၂၂) ကျောင်းမှ ပင့်သံဃာဆရာတော် သာမဏေအရှင်သူမြတ် အပါး(၃၁၂)ပါး၊ သီလရှင် ကျောင်းတိုက်(၂)ကျောင်းမှ သီလရှင်(၄၈)ပါး၊ စုစုပေါင်း(၃၆၀)ပါးတို့အား ဘုရားရင်ပြင်တော်တွင် ကြွရောက်တော်မူရာ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိအရာခံစစ်သည် တော်များနှင့် မိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ မြို့ပေါ်ရပ်ကွက်ရှိအလှူရှင်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းသည် (လပြည့်/လကွယ်)နေ့များတွင်လည်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)