စလင်း ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်အနီးအနားရှိ ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ မီးဘေးလုံခြုံရေးအတွက် လိုက်လံသတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများသို့ မော်တော်ယာဉ်များဖြင့် ကွင်းဆင်းလှည့်လည်ကာ မီးဘေးအန္တရာယ် ကင်းရှင်းနိုင်စေရန်အတွက် ရပ်ကွက်များအတွင်းရှိ ဆန်စက်၊ ဆီစက်၊ လုပ်ငန်းရှင်များ လုပ်ငန်းခွင်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် မီးသတ်ဆေးဘူးများထားရှိရေး၊ မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းနောက် မြို့နယ်အတွင်းရှိ ရပ်ကွက်များရှိ နေအိမ်အသီးသီးတို့တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးသုံး ပစ္စည်းများအား အသင့်ထားရှိရန် နေအိမ်များတွင် လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်များတွင် တပ်ဆင်ထားသော ဟောင်းနွမ်း လျှပ်စစ်ဝါယာကြိုးများ၊ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်နှင့် ထင်း၊ မီးသွေး မီးဖိုများနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ပြီးပါက မီးကြွင်း မီးကျန်များကို စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို မော်တော်ယာဉ်များဖြင့် လိုက်လံသတိပေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။
စလင်း(ပြန်/ဆက်)