ပုသိမ် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာ တိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများမေးမြန်းခဲ့ပြီး ဆေးရုံသုံးပစ္စည်း များနှင့် ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။ ထို့နောက် ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ခရိုင်ကျေးရွာရှိ စပါးခွံ လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Gasifier) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနေမှု အခြေအနေများတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျှပ်စစ်ထုတ်လုပ်မှုစနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့သည်။
ဦးစွာ ငပုတောမြို့နယ် ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဒုတိယပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာ ကျက်မှတ် ဖြေဆိုရန်နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး အတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့် အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာ သိကောင်းများ ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး မိမိတို့၏ အားနည်းချက် အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ပြီး ဆရာ၊ ဆရာမ များအနေဖြင့်လည်း မိမိတို့ကျောင်းသူကျောင်းသားများ၏ အားနည်းသည့် ဘာသာရပ်များကို ပိုမိုအားဖြည့် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အောင်စိတ်မွေး၍ အောင်မြင်စေရေး အစွမ်းကုန် ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးစားကြရန်” အားပေး စကားများပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စားမေးပွဲ အထောက်အကူပြု ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ (Hand - Out) များနှင့် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ၁၃၀ ပေ x ၆၀ ပေ RC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကလပ်တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူများအား တွေ့ဆုံအားပေးထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့၍ ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ဒီးဒူးကုန်း ကျေးရွာအုပ်စု၊ ဇီးသောင်ကျေးရွာတွင် ဒေသရှိသဘာဝထုံးကျောက်သက်နုမှ ကျောက်မီးဖို ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုမိုထုတ်လုပ်နိုင်ရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သာယာ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောက်ကလပ်ဦးစေတီနှင့် ကျောက်ကလပ်တောင်သို့ သွားရောက်ခဲ့ပြီး ကျောက်တောင်များတွင် ပင်လယ်လှိုင်းနှင့် ဒီရေတိုက်စား၍ ကျောက်ကလပ်ပုံသဏ္ဍန် ဖြစ်ပေါ်မှုနေများ၊ ကမ်းခြေရှုခင်းသာယာမှုများနှင့် ရှင်စောပုဘုရား အောက်ဘက်ကမ်းခြေတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းခြေသန့်ရှင်းသာယာလှပေစေရေး၊ အပန်းဖြေလာရောက်ကြသည့် ဧည့်သည်များ စိတ်အပန်းပြေစေရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်လာစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့ (၂၀) မှ ဆောင်ရွက် လျက်ရှိသည့် လပွတ္တာ (ကျောက်ဖျာလေး)-သုံးခွ- အုတ်တွင်းလမ်းအား ရာသီမရွေးသွားလာနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး၊ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် သက္ကယ်သောင်ကျေးရွာအုပ်စု၊ သောင်လေးကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းသို့သွားရောက်ခဲ့၍ ကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် တွေဆုံခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အုတ်တွင်းကျေးရွာရှိ ဆားတောင်သူ ဦးပြည့်စုံ၏ တာပေါ်လင်ခံ၍ နေလှန်းဆားထုတ်လုပ်မှု အခြေအနေများ ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်း တာဝန်ခံမှ ရိုးရိုးမြေသားပေါ်တွင် သမားရိုးကျ နေလှန်းဆားထုတ်လုပ်မှုထက် တာပေါ်လင် ပေါ်တွင်နေလှန်းဆားထုတ်လုပ်မှုတွင် ပိုမိုအကျိုးရှိမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆင့်မီဆားကြမ်းပိုမိုထုတ်လုပ်နိုင်ရေး၊ ဆားကြမ်းမှတစ်ဆင့် အိုင်အိုဒင်းပါဝင်သည့်ဆားချောများ တိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)