မြောင်းမြ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့နှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ မောင်လှိုင်းသစ်(ချစ်စရာမြေ)ရေးသားသည့် ဝတ္ထုတို၊ ကဗျာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုးနှင့်ဆရာကြီး ဦးကျင်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီဌေးက “ပန်းကောင်းပန်” ကဗျာဖြင့် လည်းကောင်း၊ Book Club အဖွဲ့ အတွင်းရေးမှူး ဆရာမကြီးဒေါ်အုန်းကြိုင်က “နေရာကျဖို့ နေရာချသည်” ဝတ္ထုတိုဖြင့်လည်းကောင်း၊ ဆရာလရောင်လင်း (မြန်မာ့ဂုဏ်ရည်)က “ညောင်ပင်တစ္ဆေ” ဝတ္တုတိုဖြင့်လည်းကောင်း၊ ဦးကျော်ရဲအောင်က “နှုတ်မဆက်နဲ့ငိုချင်တယ်” ဝတ္တုတိုဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “ဝမ်းသာဝမ်းနာ” ဝတ္တုတိုဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ဝတ္ထုတိုနှင့် ကဗျာများပါ အကြောင်းအရာများကို ထင်မြင်ယူဆချက်များ မေးမြန်းဆွေးနွေးရာ စာရေးဆရာ မောင်လှိုင်းသစ်(ချစ်စရာမြေ)က ဝတ္ထုတိုနှင့်ကဗျာများပါ အရေးအသား အသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)