ဒေးဒရဲမြို့နယ်ရှိ မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ စုပေါင်းဆောင်ရွက်

ဒေးဒရဲ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးလောင်မှုများဖြစ်ပွားပေါ်ပေါက် လာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ () နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝဏ္ဏထွန်း က မြို့မစျေးတည်ဆောက်ပုံ၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှု၊ ရေရရှိမှု အခြေအနေများနှင့် စျေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးလောင်မှု ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ​ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးဟောပြော ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်မှုများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မစျေးအရန်မီးသတ်ဖွဲ့ဝင်များ စုပေါင်း၍ အရေးပေါ်မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းများကို ကြည့်ရှု့အားပေး ခဲ့ကြောင်း သိရသည်။

အေဇာလင်း