လူသားတို့၏ စိတ်အာရုံကို ခံစားမှုရသများစွာ ပေးစွမ်းနိုင်သော အနုသုခုမပညာရပ်တွင် ဘုရင်တစ်ဆူအဖြစ် ထင်ရှားသောပန်းချီပညာ

ပန်းချီဆိုသည်မှာ လူသားတို့၏ စိတ်အာရုံကို ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ စိတ်ကြည်နူးခြင်း၊ စိတ်ချမ်းမြေ့ခြင်း စသော ခံစားမှုရသများ စွာကို ပေးစွမ်းနိုင်၍ အနုသုခုမ ပညာရပ်တွင် ဘုရင်တစ်ဆူအဖြစ် ထင်ရှားခဲ့သည်။

မြင်သမျှ တွေ့သမျှ စဉ်စားတွေးခေါ် ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဍာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှုရသများစွာ ပေးစွမ်းနိုင်သော အရာဖြစ်သောကြောင့် အနု သုခုမပညာရပ်၏ ဘုရင်ဖြစ်ခဲ့သည်။

ပန်းချီအတတ်သည် စာရေးခြင်းအတတ်ထက် ဦးစွာပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံး မကြွယ်ဝသေးသဖြင့် မိမိဆိုလိုချက်ကို အရုပ်ရေးပြကြရသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့် တာသွားသည်ဟု တရုတ်စကားပုံတစ်ခုက ဆိုလေသည်။ ရှေးခေတ်လူတို့က ဂူနံများ ပေါ်တွင် အနီးအပါး၌ အလွယ်တကူရရှိနိုင်သော မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်း၊ မီးသွေးခဲများဖြင့် အရုပ်များ ရေးဆွဲကြသည်။ နောင်အခါ ခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်၊ ရုပ်ပုံပန်းချီ ရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေးဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက်သည်။ သို့သော် ဆီဆေးပန်းချီကားသည် ရေဆေးပန်းချီကားထက် ပို၍အရောင်စိုပြီး အေးမြသော ရာသီဥတုရှိသည့် နိုင်ငံများနှင့် သင့်တော်သည်။ ရေဆေးကို လွယ်ကူပြီး အမြန်ပြီးနိုင်သော ပန်းချီကားများအတွက် အသုံးများလေသည်။

ပန်းချီပညာသည် ဓာတ်ပုံပညာ မပေါ်မီ ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့သော ပညာရပ် ဖြစ်သည်။ လက်ရာကောင်းသော ပန်းချီကားများသည် နှစ်ပရိစ္ဆေဒ ကြာမြင့်သည့်တိုင်အောင် သိန်းသန်းချီ၍ အဖိုးတန် လျက်ရှိသည်။ ဓာတ်ပုံရိုက်၍ မရသော အရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီကားအတတ်သည် မတိမ်ကောခြင်းဖြစ်သည်။ ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘော ပေါက်ပါက စိတ်တည်ငြိမ် ချမ်းမြေ့မှုအရသာကို ခံစားရသော သုခုမ ပညာရပ်တခုဖြစ်သည်။ သို့သော် ခံစားတတ်ရန်မှာ မလွယ်ကူချေ။

ကမ္ဘာဦး လူတို့၏ ကောက်ကြောင်းပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာနှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုခေတ် ပန်းချီ အကျော် အမော်များကပင် အံ့ဩချီးကျူးရသည်။ သဘာဝနှင့် ရင်းရင်းနှီးနှီး လေ့လာဆက်ဆံရသော ဂူအောင်းပန်းချီ ဆရာများသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကို အမှီသဟဲပြု၍ ဖော်ပြ ထားခြင်းဖြစ်သည်။ ခေတ်ဦးအခါက ပန်းချီလက်ရာ များသည် ကာလစား၍ ကွယ်ပျောက် ကုန်သော်လည်း ရှေးဟောင်း စာပေကျမ်းဂန်တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံနိဒါန်း၊ မင်းခမ်းမင်းနား အဆို၊ အက၊ အတီး၊ အမှုတ်စသော အကြောင်းအရာများကို ရေးခြယ်ကြသည်ဟု သိရသည်။

ပုဂံခေတ်တွင် ပန်းချီရေးသော ကြောင်းခြင်းရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့် စပ်သည်သာများသည်။ နှောင်းခေတ်ကာလသားများတွင် ဗုဒ္ဓဝင်နိပါတ်တို့သာမက မင်းနှင့်စပ်သောအကြောင်းခြင်းရာများ တို့လည်း ပါဝင်လာသည်။ အတွင်းတော် အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော်အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသော စီးတော်၊ ဆင်တော်၊ မင်းခမ်းမင်းနားစသော ထီးသုံးနန်းသုံး ပန်းချီများကို ရေးဆွဲလာကြပြီး မြန်မာတို့၏ ဓလေ့ သဘာဝ ပျော်ရွှင်မှုဆိုင်ရာ ပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။ ယခုခေတ် ပန်းချီ ဆရာများ သည် အနောက်တိုင်းမှ မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်းမပြုသော စိတ္တဇပန်းချီကို မြန်မာပရိသတ်က လက်မခံကြသော်လည်း  စိတ္တဇပန်းချီ လမ်းစဉ်သစ်ကို  လူငယ်ပန်းချီဆရာ တချို့ကမူ လက်တည့် စမ်း၍ ပုံဖော်လျက် ရှိကြသည်။ ယခုခေတ်တွင် ပညာသည် တိမ်ကော၍ ပျောက်ကွယ်လု မတတ် ရှိနေသည်ဟု ထင်ရသော်လည်း နိုင်ငံတော်အစိုးရနှင့် ပန်းချီချစ် အနုပညာရှင်များက ပြန်လည်အသက်သွင်းကာ ပုံဖော်ထားသဖြင့် ပန်းချီ ပညာ တစ်ခေတ်ဆန်းလာကာ အသက်ဝင်သည့် ပန်းချီကားတစ်ချပ် ဖြစ်ပါက သိန်း ဆယ်၊ ရာ၊ ထောင် ချီ၍ တန်ကြေးရှိလေသည်။

ထို့ကြောင့် ပန်းချီပညာ၏ ခက်ခဲနက်နဲမှုရသများစွာ ပေါ်လွင်အောင် ဖန်တီးနိုင်မှုများနှင့် စိတ်အာရုံကို ပြောင်လဲနိုင်စွမ်းရှိသောကြောင့် အနုသုခုမ ပညာရပ်တွင် ဘုရင်တစ်ဆူအဖြစ် ထင်ရှားသော ပန်းချီပညာအား တန်ဖိုးထား ထိန်းသိမ်းသင့်ပေတော့သည်။

ဇေယျာထက်(မင်းဘူး)