ရွှေဘို ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကာယဗလမောင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲချိန်က အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်းနှင့်အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မျိုးမျိုး၊ ပါမောက္ခဆရာ၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူးများနှင့် နည်းပြ/သရုပ်ပြ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကာယဗလမောင်များ၊ အကဲဖြတ်ဒိုင်လူကြီးများအား တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များနှင့် မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်ကာယဗလမောင် (၁၃) ဦး၏ စိတ်ကြိုက်ပုံစံ (၇) မျိုးဖြင့် ကြွက်သားအလှပြသ ယှဉ်ပြိုင်မှုများနှင့် ဖျော်ဖြေသီဆိုဧည့်ခံမှုတို့အား ဧည့်ပရိတ်သတ်အပေါင်းတို့က ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တိတယနှင့် နှစ်သိမ့်ဆုရရှိကြသည့် ကာယဗလမောင်နှင့် လှယဉ်ကျေးမယ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ရွှေဘို တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း