ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ကန့်ဘလူ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်နွယ်ဦးက ရေထုညစ်ညမ်းမှုဆိုသည် ရေတွင်ပါဝင်သည့်အရာတွေ ညစ်ညမ်းလာတာကိုဆိုလိုကြောင်း၊ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာ၊ မြေအောက်ရေတွေ လူတွေ၏လုပ်ရပ်ကြောင့် ရေထုညစ်ညမ်းကုန်ကြောင်း၊ အမှုန်အမွှားတွေ၊ ဓာတုပစ္စည်းတွေရေထဲသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လူတွေစွန့်ပစ်လိုက်ကြပြီး အဆိုပါပစ္စည်းများသည် ဘေးအန္တရာယ်ကင်းအောင် စီစဉ်ပြုလုပ် ထားခြင်းမရှိသောကြောင့် ယင်းပစ္စည်းများ ရေထဲရောက်ရှိပြီး လူတွေရဲ့လုပ်ရပ်ကြောင့် ညစ်ညမ်းကုန်ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်အပေါ်အကြိုး သက်ရောက်မှု ဒုတိယအများဆုံး တစ်ခုဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိဖြစ်စေ၊ ဓာတုဂုဏ်သတ္တိဖြစ်စေ၊ ဇီဝဂုဏ်သတ္တိဖြစ်စေ ပြောင်းလဲမှုဖြစ်ပေါ်လာပြီး သက်ရှိများအပေါ် အားကြီးသည့်အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်လာပြီဆိုရင် ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာပြီလို့ သတ်မှတ်လို့ရကြောင်း၊ လူတွေဟာ ပိုးသတ်ဆေးတွေ၊ ဓာတုဆေးတွေ အသုံးများသည့် အတွက် ဆေးတွေသည် မိုးရေနှင့်အတူ မြေကြီးထဲသို့ရောက် သွားပြီး/စိမ့်ဝင်သွားပြီး မြေအောက်ရေတွေကို ညစ်ညမ်းစေကြောင်း စသည်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)