ဟားခါးမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပနေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး

ဟားခါး ဖေဖော်ဝါရီ ၁၉

(၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေးသည်။

ထို့သို့ ကြည့်ရှုအားပေးရာတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများတွင် စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်တို့က ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြီးကြပ်နေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးပြီး ပြည်နယ်ပညာရေးမှူးနှင့် ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးတို့က ပြည်နယ်ဝန်ကြီးချုပ်ထံ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သည့်အချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စာမေးပွဲများကို မသမာမှုမရှိဘဲ ရိုးရိုးသားသားနှင့် ဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

အဆိုပါပြိုင်ပွဲကို “မူးယစ်ဆေးရန် တို့တွန်းလှန်၊ ကြိုးစားတိုက်ဖျက် နိုင်ငံ့အတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်၊ သာယာလှပ လူမှုဘဝ ”၊ “ငါတို့ရဲ့အနာဂတ်သာယာလှပဖို့၊ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့”၊ “ မျိုးဆက်သစ်များတိုးတက်ဖို့၊ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချ ပြည်သူ့ဘဝ၊ မူးယစ်မှန်သမျှတိုက်ဖျက်ကြ”၊ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့ရင်သွေးများအား မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ကြပါစို့”၊ “လူသားချင်းစာနာကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” စသည့် ဆောင်ပုဒ်များဖြင့် ပြိုင်ပွဲကျင်းပြုလုပ်ခြင်းဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်း (၄) ကျောင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ( ၅၁ ) ဦးက ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန် /ဆက် )