ပြည် ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် မြတ်စွယ်တော်တိုက်တွင် ယနေ့နံနက် ၆ နာရီက မီးဘေးကာကွယ်စေတတ်သော (၁၂)ကြိမ်မြောက် "ဝဋ္ဋသုတ်ပရိတ်တော်" ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးအမှူးပြုသော ပြည်ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စ/ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့ ဓမ္မောဒယကျောင်းတိုက် ဦးစီးပဓာန နာယက၊ ရွှေဆံတော်ဂေါပကအဖွဲ့၏ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာသဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်တို့က "မေတ္တသုတ်၊ ဝဋ္ဋသုတ်"စသောပရိတ်တရားတော်မြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူကြပြီး ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်အုန်းက "ဝဋ္ဋသုတ်ပရိတ်တော်" ရွတ်ဖတ်ပူဇော်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြသည်။
ဆက်လက်၍ ပြည်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါ စရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ယင်းလှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဓမ္မောဒယကျောင်းတိုက် ဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာတရားချီးမြှင့်တော်မူသည်။
ထို့နောက် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အာရုံခံ တန်ဆောင်းမုခ်ဦးလေးခု၌ (ဒ.က.စ)ဝတ်ရွတ်အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝတ်ရွတ်အသင်း၊ ဆုတောင်းပြည့်အောင်ချမ်းသာဝတ်ရွတ်အသင်းနှင့် ရွှေပိန္နဲဝတ်ရွတ်အသင်းတို့က မီးဘေးအန္တရာယ်ကာကွယ်စေတတ်သော "ဝဋ္ဋသုတ်ပရိတ်တရားတော်" ကို သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး ယင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်းကို ပြည်မြို့ပေါ်ရပ်ကွက်အသီးသီးနှင့်ဌာနဆိုင်ရာများမှ ဝတ်ရွတ်အသင်းများဖြင့် သုံးရက်တိုင် အလှည့်ကျရွတ်ဆိုပူဇော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ကိုဆက်(ပြန်/ဆက်)