မင်းဘူးမြို့၌ ကုလားပဲများရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေ

မင်းဘူး  ဖေဖော်ဝါရီ  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ဈေးကွက်အတွင်း ကုလားပဲများ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း မင်းဘူးမြို့  အမှတ် (၃) ထက်ဝေယံ ပွဲရုံပိုင်ရှင် ဦးခင်မောင်တင့်ထံမှ သိရသည်။

ကုလားပဲ သီးနှံများသည် တပို့တွဲလဆန်းမှ တန်ခူးလအတွင်း ပေါ်လေ့ရှိပြီး ယခင်နှစ်များက ပေါ်စတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀,၀၀၀ ကျော် ၅၀,၀၀၀ ဝန်းကျင် ဈေးသာရှိသော်လည်း ယခုနှစ်တွင် ၆၃,၀၀၀ ဈေးဖြင့် ရောင်း/ဝယ်နေကြခြင်းမှာ ပြည်တွင်းမှာလည်း စွယ်စုံသုံးသီးနှံတစ်မျိုးဖြစ်သည့်အတွက် ဝယ်လိုအားများနေသည့်အပြင် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကလည်း ဝယ်ယူလျက် ရှိသောကြောင့် ကုလားပဲဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ 

ကုလားပဲကို လေးပင်၊ ပဒါန်း၊ ရှမ်းတပ်၊ ပက်ပယ်၊ ရေတွင်းကုန်း၊ ချောင်းဖြူ၊ မောင်းမကန် ကျေးရွာများမှ အများဆုံး လာရောက်ရောင်းချကြပြီး တစ်တင်းလျှင် ကျပ် ၆၃,၀၀၀ ဈေးရှိကာ ကုလားပဲ အုပ်စုများအနေနဲ့ V2, V6, ၉၂၉ ၊ ထိုင်ဝမ်ကုလားပဲ၊ ရိုးရိုးကုလားပဲ ဟူ၍ လေးငါးမျိုးရှိသော်လည်း တစ်မျိုးနှင့် တစ်မျိုး ဈေးအနည်းငယ်သာ ကွာဟမှုရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)