မြိတ် ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို မြိတ်တက္ကသိုလ်တွင် တာဝန်ရှိသူများက e-ID Main Server အတွင်းသို့ Software ရေးသွင်း ဆောင်ရွက်နေအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြိတ်ခရိုင်အနေဖြင့် အိမ်ထောင်စုပေါင်း(၁၉၃,၄၄၂)ရှိပြီး မြို့နယ်များအလိုက် စာရင်းကောက် အဖွဲ့များဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို မြိတ်တက္ကသိုလ်တွင် e-ID Main Server အတွင်းသို့ Software ရေးသွင်းခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။
အိမ်ထောင်စုလူဦးရေစာရင်းများကို Software ရေးသွင်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဒုဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က ကြည့်ရှုအားပေးခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်နေသူများ အား အားပေးစကားများပြောကြား၍ စာရင်းရေးသွင်းဆောင်ရွက်ရာတွင် မှန်ကန်စွာ ဂရုတစိုက် အလေးထား ရေးသွင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက အမှာစကားပြောကြားသည်။ ထိုနောက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းကျန်ရှိသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာကျင်းပရေးနှင့်ပတ်သက်၍ လူမှုရေးရာဝန်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်း သားရေးရာဝန်ကြီး စောမာတင်လူသာ တို့က ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် စီမံဆောင် ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။ အိမ်ထောင်စုလူဦးရေစာရင်းများကို Software ရေးသွင်းဆောင်ရွက်မှုအနေဖြင့် မြိတ်ခရိုင်တွင်(၇၄.၃၈) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြိတ်ခရိုင်တွင် စာစစ်ဌာန(၉)ခုဖြင့် ကျင်းပပေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူ (၃၁၃၃) ဦးရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)