ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် အားထားစိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ ယခုဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆောင်သီးနှံကုလားပဲစိုက်ဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၂၁၃၁၇ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရပြီး မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့သဖြင့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း မှုရှိခဲ့ကြောင်း သိရသည်။ ယခုအခါဒေသခံတောင်သူများ အားထားစိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီ ဖြစ်၍ ဒေသခံတောင်သူများက နွေစပါးနှင့် အခြား နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေး စတင်ရိတ်သိမ်းခြွေလှေ့ နေကြပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးခဲ့တဲ့ ကုလားပဲသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်လို့ တောင်သူတွေ စတင်ရိတ်သိမ်းခြွေလှေ့ နေကြပါပြီဗျ။ ဒီနှစ်ကစိုက်ပျိုးစရိတ်နဲ့ သွင်းအားစုပစ္စည်းကုန်ကျစရိတ်တွေက ကုန်ကျမှုများတော့ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေအကျိုးအမြတ်ရဖို့ ဈေးကောင်းရရှိရေး မျှော်လင့်နေကြတယ်။ သီးနှံအထွက်နှုန်းအနေနဲ့က တစ်ဧက ပျမ်းမျှ တင်း ၂၀ ကျော်ခန့် ထွက်ရှိပါတယ်။ မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့လို့ ကုလားပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ နွေသီးနှံစိုက်ပျိုးဖို့အတွက် မဲဇလီရေလွှဲမှ စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးနေပြီဖြစ်လို့ ဆောင်းကုလား ပဲစိုက်ခင်းတွေ ရိတ်သိမ်းပြီးတာနဲ့ နွေစပါး၊ နွေနှမ်းနဲ့အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်အောင် တောင်သူတွေက ကုလားပဲစိုက်ခင်းတွေကို ရိတ်သိမ်းခြွေလှေ့စက်များနဲ့ လှိုင်လှိုင်ရိတ်သိမ်း နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့်ရွှေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ သဘာဝ ဓာတ်မြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲတတ်စေရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )