စစ်ဥပဒေချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်စုပေါင်းရုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပုသိမ်မြို့နယ်အတွင်း ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက မိမိတို့၏ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က မိမိတို့၏ ဒေသတွင် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)