တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်ရှိ နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအား ယူရီးယားနှင့်ရွက်ဖျန်း ဓာတ်မြေဩဇာများထောက်ပံ့

မြိတ် ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့နယ် ကျွဲကူးကျေးရွာတွင် နွေစပါးနှင့် ဆောင်သီးနှံစိုက် အကျိုးဆောင်တောင်သူများအား ယူရီးယားနှင့် ရွက်ဖျန်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်၍ နွေစပါးစိုက်ခင်းအား ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကို က တိုင်းဒေသကြီးအတွင်း ဒေသဝမ်းစာ ဖူလုံမှုရှိအောင် နည်းမျိုးစုံနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွက် ဒေသခံများစားသုံးရန် ဆန်တန်ချိန်(၃)သိန်းခန့်လိုအပ်ကြောင်း၊ ဆန်စပါးထွက်ရှိမှုအနေဖြင့် ဆန်တန်ချိန် (၂)သိန်း(၂)သောင်း ခန့်သာထွက်ရှိတဲ့အတွက် ဆန်တန်ချိန်(၇)သောင်းကျော်လိုအပ်ကြောင်း၊ တောင်သူများကို မျိုးစပါးနှင့် ဓာတ်မြေ ဩဇာများ ဖြန့်ဝေပေးသလို နိုင်ငံတော်စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မြိတ်မှာရှိတဲ့ လယ်သမားအစုအဖွဲ့အတွက် ငွေထုတ်ချေးပေးပြီး စုပေါင်းချွေလှေ့စက်နဲ့ ထွန်စက်တွေကို ဖြည့်ပေးနေကြောင်း၊

လာမယ့်နှစ် မိုစပါးမှာ အထွက်တိုးမျိုးစပါးပြောင်းစိုက်ဖို့ တစ်တိုင်းလုံးမှာ ဧက(၅၆၀၀၀)ခန့်နှင့် နွေစပါး ကို ဧက(၁၆၀၀)ခန့် စိုက်ပျိုးရန်လျာထားကြောင်း၊ ဒေသတွင်း ဆန်စပါးဖူဖူလုံလုံ ထွက်ရှိပါမှ နေထိုင်သူများအားလုံးအတွက် စိတ်ချရမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန်စပါးအထွက်တိုးအောင် လိုအပ်သည့်အခက်အခဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက် က နွေစပါးနှင့် ဆောင်သီးနှံစိုက်  အကျိုးဆောင်တောင်သူများအား ယူရီးယားနှင့် ရွက်ဖျန်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တောင်သူ(၁၅၀)ဦးအား ယူရီးယား ဓာတ်မြေဩဇာ(၁၅၀) အိတ်နှင့်ရွက်ဖျန်းဓာတ်မြေဩဇာ ဗူး(၃၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား တောင်သူ ဦးချမ်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကျိုးဆောင်တောင်သူ ဦးချမ်းအေး၏ နွေစပါးစိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေး ပြခန်းအား ကြည့်ရှုအားပေးသည်။ ယင်းနောက် နိုင်ငံတော်စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား လယ်ယာဝန်ဆောင်မှုများပေးနိုင်ရန်အတွက် မြိတ်ခရိုင် စပါးစိုက်တောင်သူများနှင့် လယ်ယာ ဝန်ဆောင်မှုအသင်းမှ ဝယ်ယူထားရှိသည့် ရိတ်သိမ်းချွေလှေ့နှင့် ထွန်စက်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက် )