လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ကမ္ဘာရွာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့် က လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူစေရန်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များအနေဖြင့် မိမိဒေသအတွင်း စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)  ရေးသားထားသော ကမ္ဘာရွာစာအုပ်တွင်ပါရှိသော စာရိတ္တသည် တန်ခိုး၊ ကိုယ်ကျင့်တရား အမွေ၊ ဗြဟ္မစိုရ်တရား၊ အမုန်းနှင့်မေတ္တာ၊ ယုံကြည်ချက်၊ အရည်အသွေး၊ စာဖတ်သူ၊ စာတတ်သူနှင့် စိတ်ချမ်းသာနည်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)