ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အိမ်မွေးတိရိစ္ဆာန်ခွေးများတွင် ခွေးရူးရောဂါ အန္တရာယ် ကင်းဝေး စေရေး ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က ကမ္ဘာတစ်ဝှမ်း ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်မွေးတိရိစ္ဆာန် ခွေးများကို ခွေးရူးရောဂါ မဖြစ်ပွားစေရန် ကာကွယ် ဆေးများ ကြိုတင်ထိုးနှံပေးလျက်ရှိပါကြောင်း ၊ ခွေးမှကူးစက်သော ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပြလာသည်နှင့် တစ်ပြိုင်နက် လူကိုသေ စေနိုင် သည့် ရောဂါဖြစ်ပြီး ခွေးရူးပြန်ခြင်းကို ကာကွယ်ဆေး ထိုးခြင်းဖြင့် ရာခိုင်နှုန်းပြည့် ကာကွယ် နိုင်မည် ဖြစ်ကာ ယင်းကာကွယ်ဆေးထိုးခြင်းဖြင့် လူမှုပတ်ဝန်းကျင်နှင့် တကွ ခွေးများ၏ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ ဒေသခံပြည်သူများ ခွေးရူးကာကွယ်ဆေး ထိုးနှံရန် လာရောက်ပြသသော ခွေးကောင်ရေ စုစုပေါင်း ၄၂ ကောင် အား ခွေးရူး ရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )