ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး လိုအပ်သောအခြေခံအဆောက်အဦများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ ဇွဲမာန်လွင်ဈေးတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက ဇွဲမာန်လွင်ဈေးအတွင်း ထည့်သွင်းတည်ဆောက်မည့် ဈေးရုံ(၃)ရုံ၊ ပျံကျဈေးဧရိယာ၊ ကားပါကင်ဧရိယာ၊ (၆)ခန်းတွဲသန့်စင်ခန်း၊ ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန်၊ အမြင့်တင်ရေစင်၊ (၆)လက်မစက်ရေတွင်း၊ မီးသတ်ရေငုတ်၊ လူသွားကွန်ကရစ်လျှောက်လမ်းများ၊ ဈေးခေါင်းရုံး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဈေးရုံတည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ်ရှိ မြို့ရေပေးဝေရေး ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက သံလွင်မြစ်ရေနှင့် အဝီစိတွင်းရေများကို စုပ်တင်သန့်စင်၍ ဘားအံမြို့ပေါ်ရပ်ကွက်များ၊ အစိုးရဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများသို့ သန့်ရှင်းသောသောက်ရေသုံးရေများ ဖြန့်ဝေပေးနေမှုအခြေအနေ၊ တိုးချဲ့ရေပေးရေးဆိုင်ရာအချက်အလက်များနှင့် လှာကမြင်ကွက်သစ်ရေပေးဝေရေးအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ ဘားမဲတောင်သဘာဝဥယျာဉ်ရှိ ရေစစ်ကန်အမှတ်(၁)(၂)(၃)(၄)(၅)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိစေရန် သစ်မျိုးအရေအတွက် (၇၈) မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း(၂၈)ခုဖြင့် ပေါင်းစပ်ကာ အမြဲစိမ်းလန်းသာယာလှပစေရန် အစဉ်အမြဲပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ်စရာနေရာတစ်ခုအဖြစ် ဆောင်ရွက်ထားသော မြေဧရိယာ(၁၇)ဧကခန့် ကျယ်ဝန်းသည့် ဘားမဲတောင်သဘာဝဥယျာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ပြည်နယ်လွှတ်တော်အဆောက်အဦ အပေါ်ထပ်ခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၆၇ ဦးခန့်က စိစစ်ပြီး e-ID အိမ်ထောင်စုများအား e-ID Server အတွင်း ထည့်သွင်းနေခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် စိစစ်ပြီး e-ID အိမ်ထောင်စုများအား e-ID Server အတွင်းထည့်သွင်းနေခြင်းကို ဝန်ထမ်းအင်အားစုစုပေါင်း ၁၂၉ ဦးဖြင့် နှစ်နေရာခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမအား ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးက လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း