ဥစားကြက် အသားစားကြက်နှင့် ဗမာကြက်များ မွေးမြူကြမည်ဆိုလျှင်

မင်းဘူး(စကု) စက်တင်ဘာ ၂၉

ကြက်များမွေးမြူကြရာတွင် ဗမာကြက်၊ ဥစားကြက်နှင့် အသားစားကြက်ဟူ၍ သုံးမျိုး သုံးစားရှိလေသည်။ ဥစားကြက်နှင့် အသားစားကြက်များသည်။ အကျိုးပေးပါက စီးပွားဖြစ် မြန်သော်လည်း မြို့ရွာနှင့် အတန်ငယ် ဝေးကွာသည့် နေရာများတွင် ခြံကြီး၊ ဝန်းကြီးများဖြင့် မွေးမြူကြရသဖြင့် အရင်းအနီးစိုက်ထုတ်မှု အလွန်များပေသည်။

ဥစားကြက်များနှင့် အသားစားကြက်များသည် အစာနှင့်ဆေးကောင်းလျှင် အကောင်ကြီး ထွားနှုန်း၊ ဖြစ်ထွန်းမှုနှုန်း မြန်သော်လည်း အစာနှင့်ရေကို အချိန်မှန်မှန် အထူးဂရုစိုက် တိုက်ကျွေး၍ ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းများ ပြုလုပ်ပေးရသည်။ ကြက်စာများအဖြစ် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းဆန်၊ ပုဇွန်ခွန်၊ ခရုခွန်အမှုန့်များကို အချိုးကျ ရောစပ်၍ ကျွေးရသည်။ ကုမ္ပဏီများမှထုတ်သော စပ်ပြီးသား အစာများကိုလည်း ဝယ်ယူ၍ ကျွေးမွေးနိုင်ပေသည်။

ဥစားနှင့်အသားစား ကြက်မျိုးများသည် အပူအအေး လွန်ကဲခြင်းများကို ကြောက်ပေသည်။ လေဝင် လေထွက်ကောင်းခြင်းကို ကြိုက်သောကြောင့် နှီးသက်ငယ်မိုး ထရံကာ ကြမ်းခင်းများဖြင့် ကြက်ခြံများကို ဆောက်ပြီး မွေးမြူရလေသည်။ ဥစားနှင့်အသားစား ကြက်မျိုးများကို ကြက်ခြံကြီးများဖြင့် မြို့ရွာ အတော်များများတွင် စီးပွားဖြစ် မွေးမြူထားခြင်းကို တွေ့ရလေသည်။ ၎င်းမွေးမြူရေး ကြက်ခြံကြီးများကို ကြက်ရောဂါ ဝင်ပြီဆိုပါက ကြက်တစ်ခြံလုံးပြုတ်အောင် ကူးစက်တတ်လေသည်။ ထို့ကြောင့် ကြက်တစ် ကောင် ရောဂါဝင်ပြီး သေဆုံးသွားလျှင် ကြက်ခြံနှင့် ဝေးသည့် နေရာများကိုသွားပြီး မြေကြီး နက်နက်တူးကာ မြေမြုပ်ပစ်ရသည်။

ဗမာအိမ်မွေးကြက်များသည် တကူးတက အစာရေစာ ကျွေးမွေးစရာ မလိုဘဲ မနက်အိပ်တန်း ဆင်းသည့် အချိန်မှစ၍ ညနေဘက်အိပ်တန်း မတက်ခင် တစ်နေကုန် ရှာဖွေစားသောက် ရုံမျှဖြင့် အစာဝလေသည်။ ဗမာကြက်၏ ထူးခြားချက်များမှာ အကောင်သေးသော်လည်း အသားကျစ်ပြီး အလေးချိန်စီးလေသည်။ ကြက်တစ်ကောင် တည်းပင်လျှင် တစ်ပိဿာ တစ်ပိဿခွဲ အလေးချိန်ရှိလေသည်။ အရောင်အမျိုးမျိုးရှိပြီး ကြက်သားအရသာသည် ချိုမြိန်သော အရသာရှိသဖြင့် ဈေးများများပေးဝယ်ရလေသည်။ ထို့အပြင် ဗမာကြက်သည် တိုက်ကြက်မျိုးဖြစ်ပါက တစ်ကောင်လျှင် အနည်းဆုံး ငါးသောင်း တစ်သိန်းအထိ တန်ကြေးရှိလေသည်။

ဗမာကြက်မတစ်ကောင် အရွယ်လိုက်၍ ဥ ဥသည့်အခါ ၁၂ လုံး (သို့) အများဆုံး ၁၅ လုံးသာဥပြီး သားမွေးရန်အတွက် ဝပ်ကျင်းထဲတွင် ဝပ်၍တစ်ပတ်တစ်ခါသာ အစာရှာ စားခြင်း၊ ရေဆင်းသောက်ခြင်းများ ရှိလေသည်။ဝပ်ကျင်းထဲဝပ်ပြီး ၄၅ ရက်အကြာတွင် ကြက်အကောင်ကလေးများ ပေါက်လေသည်။ ကြက်ကလေးများသည် သန်စွမ်းမှု မရှိသေး သောကြောင့် ကြက်အုပ်ဆောင်းဖြင့် ကြက်မကြီးပါ ရေခွက်နှင့် အစာခွက်များထည့်၍ တစ်ပတ်လောက် အုပ်ထားပေးရသည်။ တစ်ပတ်အကြာတွင် ကြက်ကလေးများ သန်စွမ်း လာပြီဖြစ်၍ ကြက်မကြီးနှင့်အတူ ခြံထဲတွင်လွှတ်ထားပြီး ကြွက်ဆွဲခြင်း၊ ခွေးကိုက်ခြင်း၊ ကျီးကန်းနှင့် စွန်များ ကြက်ကလေးများကို ကိုက်ချီသွားမည်ဆိုး၍ ဂရုစိုက် ကြည့်ရှုပေး ရလေသည်။

ဗမာကြက်များကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပြည်မြို့နယ်တစ်ဝိုက်တွင် အများဆုံးမွေးမြူ ကြ လေသည်၊ ထို့ကြောင့် ကြက်များကို မွေးမြူမည်ဆိုပါက စီးပွားဖြစ် မွေးမြူလိုလျှင် ဥစားနှင့်အသားစားကြက်များကို မွေးမြူ၍ ဗမာကြက်များကတော့ ခြံထဲတွင် လွှတ်ထားခြင်းဖြင့် မွေးမြူလို့ရပေမဲ့ အကောင်ဖြစ်ထွန်းမှု နှေးသောကြောင့် စီးပွားဖြစ်မွေး မြူရန် မသင့်တော်ပေ။ သို့သော် အခြားအလုပ်တစ်ဖက်နှင့် တွဲဖက်၍ မွေးမြူမည် ဆိုပါက အစာရေစာအတွက် တကူးတက ရှာဖွေ၍ ဂရုတစိုက် ကျွေးမွေးစရာမလိုသော ဗမာကြက်များကိုသာ မွေးမြူသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့ သည်။

ဇေယျာထက် (မင်းဘူး)