မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် တွင် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းဖြင့် စီးပွားရေး အဆင်ပြေ

မင်းဘူး  စက်တင်ဘာ  ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် လက်ပံတောရွာတွင် ဝက်များကို တစ်ပိုင်တစ်နိုင် မွေးမြူ ခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေကြကြောင်း လက်ပံတော ကျေးရွာမှ ဝက်မွေးမြူသူ ဦးသောင်းလှိုင်ထွေးထံမှသိရသည်။

ဝက်များကို မွေးမြူရာတွင် ဝက်သားပေါက် တစ်ကောင်လျှင် ၃၅၀၀၀ ဈေးပေး၍ ဝက်မလေး နှစ်ကောင် ၇၀၀၀၀ ပေးရကာ ဝက်စာများမှာတော့ တောဓလေ့ တောသဘာဝအတိုင်း ရွာနီးချုပ်စပ်မှ အသီး အရွက်များခူး၍ နုတ်နုတ်စင်းကာ ဆန်ကွဲနှင့် ဖွဲရောစပ်ထားသော ပွိုင့်ကိုကျိုပြီး ရောစပ်၍ ကျွေး ရလေသည်။

ဆန်ကွဲ ၁ တင်းလျှင်ကျပ် ၁၀၀၀၀ နီးပါးရှိ၍ ပွိုင့် ၁ တင်းကိုကျပ် ၆၀၀၀ ဈေးသာ ပေးရသောကြောင့် ပွိုင့်ကိုကျိုကာ ကန်စွန်းရွက်၊ ပိန်းရွက်၊ ငှက်ပျောအူ၊ ကြာရိုးတို့နှင့် ရောစပ်၍ ကျွေးသည့်အခါ အကုန် အကျနည်းသဖြင့် တွက်ချေကိုက်လေသည်။ ယခုအခါ ဝက်မလေး နှစ်ကောင်မှာ သားလေးများ ပေါက်နေသည့်အတွက် အစာများပိုကုန်သော်လည်း ဝက်ကလေးများ ရောင်းရသည့်အခါ  ရမည့် ပိုက်ဆံမှာ စုဗူးသဖွယ်ဖြစ်လေသည်။

ဝက်မများမှာ သားပေါက်ပြီး တစ်လခွဲ နှစ်လကြာလျှင် ဝက်ကလေးများကို ရောင်းချလို့ရပြီး ခန့်မှန်း ချေတန်ဖိုး ၆၅၀၀၀၀ လောက်တော့ ရှိပေမည်။ ဆန်ကွဲဖြင့် တောက်လျှောက်ကျွေးလျှင် ဝက်မွေးသူ အတွက် အကျန်နည်းပေမည်။ ထိုကြောင့် ပွိုင့်ကိုကျို၍ အသီးအရွက်များဖြင့် ရောစပ်ခါ ကျွေး ရလေသည်။ သို့ပါ၍ ကိုဗစ်-၁၉ ကာလ အိမ်မှာနေရင်း အိုးမကွာအိမ်မကွာ မိသားစု စားဝတ်နေရေး အဆင်ပြေနေသည့် ဝက်မွေးမြူခြင်းကို မွေးမြူသင့်ပေသည်။

ဇေယျာထက် (မင်းဘူး)