မြောင်းမြခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ တွေ့ဆုံပွဲပြုလုပ်

မြောင်းမြ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၂) နာရီတွင် ခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းဇော် က အဖွင့်မိတ်ဆက်စကားနှင့် ခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှုကို တင်ပြပြီး မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ မြို့နယ်အလိုက် အချက်အလက် ဆောင်ရွက်ထားချက်များကို အကျဥ်းချုပ် တင်ပြကြသည်။  ထို့နောက် ခရိုင်အဆင့် ပညာရေးဌာန၊ လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ခရိုင်အတွင်း စာသင်ကျောင်းများတွင် လိုအပ်ချက်များ၊ လမ်းဖောက်လုပ် ပြုပြင်ထားမှုများ၊ တံတား တည်ဆောက်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြောင်းမြခရိုင် ပြန်/ဆက်