ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခန့်က အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား၊ ရဲမေ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ စုစုပေါင်း ၇၀ ဦးခန့်အား ကြက်ဥ၊ ဘီစကစ်၊ ကွေကာအုတ်၊ နွားနို့ဘူး၊ PEP နို့မုန့်၊ ခေါက်ဆွဲခြောက် အစရှိသော အာဟာရဖြည့်စွက် အစားအစာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြုနှင့် အကူဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို တပ်မှူးဗိုလ်မှူးနန်းဦးထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ဇွဲကပင်ဘိုးဘွားရိပ်သာရှိ အဘွား(၈)ဦးနှင့် အဘိုး(၂)ဦးတို့အား သွားရောက်ဂါရဝပြုတွေ့ဆုံ၍ အာဟာရဖြည့်စွက် အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့ကြရာ အဘိုးအဘွားများက ဆုမွန်ကောင်းများ ပြန်လည်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဘိုးဘွားရိပ်သာအတွင်း တည်ဆာက်လျက်ရှိသော ဓမ္မာရုံအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)