စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲများအား လုံခြုံရေးဆိုင်ရာသင်တန်းတက်ရောက်နိုင်ရန် ကျန်းမာ ရေး စစ်ဆေးမှုများ ဆောင်ရွက်

ကလေး စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျရောက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများလုံခြုံရေးအတွက် တာဝန် ထမ်းဆောင်ကြရန် လုံခြုံရေးဆိုင်ရာသင်တန်းတက်ရောက်ကြမည့် အထူးရဲများအား ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးမှုများကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒုခရိုင်ကျန်းမာရးဦးစီးဌာနမှူး ဒေါက်တာ ဂိုခမ့်နွမ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အထူးရဲများအား သင်တန်းတက်ရောက်နိုင်မည့် အနေ အထားရှိ/မရှိ သင်တန်းဝင်စစ်ဆေးချက်များဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီချိုး၊ ဖျားနာခြင်းရှိ/ မရှိတို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက်  နှာချေ၊ ချောင်းဆိုး၊ လည်ချောင်း နာ၊ အနံ့ရ/မရ၊ ခရီးသွားလာခဲ့သည့် ရာဇဝင်ရှိ/မရှိ၊ ပိုးတွေ့လူနာများနှင့် ဆက်စပ်မှု ရှိ/ မရှိ တို့ကို လည်းကောင်း အဖွဲ့သုံးဖွဲ့ခွဲ၍ ပဏာမကျန်းမာရေးစစ်ဆေးပေးခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်လှိုင်ဦးနှင့် ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ဝင်းနိုင်တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး၌ ကလေးမြို့နယ်အတွင်းရှိ မဲရုံ(၁၉၅)ရုံတွင် လုံခြုံ ရေး တာဝန်ထမ်းဆောင်ကြရမည့် အထူးရဲ(၁၉၅)ဦးနှင့် အရံ(၅)ဦးတို့အား လုံခြုံရေး ဆိုင်ရာသင်တန်း တက်ရောက်နိုင်ရန် ကျန်းမာရေးစစ်ဆေးပေးခြင်းဖြစ်ပြီး အထူးရဲသင်တန်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာ(၁) ရက်နေ့မှ (၂၈)ရက်နေ့အထိ  သင်တန်းပို့ချပေးမည်ဖြစ်ကာ ကလေးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ရဲစခန်း အပိုင်နယ်မြေများဖြစ်သော အထက၊ အမက၊ မူလွန်ကျောင်းများတွင် သင်တန်းများ ဖွင့်လှစ်၍ အခြေခံ စစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ ရဲကျင့်ဝတ်တို့အား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မာန်လမ့်တွောင်(ပြန်/ဆက်)