ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးရှေ့ အသိပညာပေး မြေစိုက်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ - ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေး ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံခဲ့မှု မှတ်တမ်း ဓာတ်ပုံများ ပညာပေးပြသထားရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်ပြီး ဆောင်ရွက်နေမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြသဆောင်ရွက်ပေးရာ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် အားလပ်ချိန်များ၌ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြည်သူအသိ ပညာပေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများပြုလုပ်ပြသခြင်း၊ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ရှိ သုတရသ စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် အခမဲ့ငှားရမ်းပေးခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းတို့ကို အရှိန်ဟုန်မပျက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)